kscc.karennistate.com
kscc.karennistate.com
  • HOME
  • ABOUT KSCC
  • POLICY
  • NEWSROOM AND RESOURCES
  • CONTACT
  • More
    • HOME
    • ABOUT KSCC
    • POLICY
    • NEWSROOM AND RESOURCES
    • CONTACT
  • HOME
  • ABOUT KSCC
  • POLICY
  • NEWSROOM AND RESOURCES
  • CONTACT

ကရင်နီပြည်၏ ကြားကာလအစီအမံ

၂၀၂၁ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁) ရက်နေ့ အကြမ်းဖက်စစ်တပ်မှ တိုင်းပြည်၏အာဏာကို သိမ်းယူပြီးသည့် အချိန်မှစ၍ မြန်မာပြည်တစ်ဝှမ်း စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုများ ပေါ်ပေါက်လာ ခဲ့ရပြီး နောက်ပိုင်းတွင် အကြမ်းဖက်စစ်တပ်က အကြမ်းဖက်ဖြိုခွင်းမှုများကြောင့် လူထုများမှ လက်နက်ကိုင် တော်လှန်တိုက်ပွဲဝင်လာသည့် အခင်းအကျင်းများ ဖြစ်ပေါ်လာခဲ့ရသည်။ ကရင်နီပြည်နယ်အတွင်းတွင်လည်း စစ်အာဏာရှင်အား အကြမ်းမဖက် ဆန့်ကျင်လှုပ်ရှားမှုများမှ ၂၀၂၁ ခုနှစ် မေလ (၂၁) ရက်နေ့ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးရပ်ကွက်တွင် စတင်ပြီး လူထုပါဝင် လက်နက်ကိုင်တိုက်ပွဲကို ဆင်နွဲ လာခဲ့သည်မှာ ယနေ့ အချိန်အထိ ဖြစ်သည်။ 


လက်ရှိတော်လှန်ရေးကာလတွင် ပြည်နယ်အတွင်းရှိ အုပ်ချုပ်ရေး နှင့် တရားစီရင်ရေးကဏ္ဍ များမှာ ယိုယွင်းပျက်စီးနေခဲ့ပြီး လူထုအတွက် လိုအပ်ချက်များ နှင့် ကူညီဆောင်ရွက်မှုများကို စနစ်တကျ အကောင်အထည် ဖေါ်ဆောင်ရွက်သွားနိုင်ရန်အတွက် မဖြစ်မနေ အဓိကလိုအပ် နေသည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ကဏ္ဍများ အပြင် ကာကွယ်ရေး နှင့် လုံခြုံရေးဆိုင်ရာကဏ္ဍများ၊ လူထု ဘဝလုံခြုံမှု၏ အခြေခံ အဆောက်အအုံများ ဖြစ်ကြသော ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး ကဏ္ဍများ အား လက်တွေ့ ကျကျအကောင်အထည်ဖေါ် ဆောင်ရွက်ရန် လိုအပ်နေပေသည်။ ထိုလိုအပ်ချက်များကို ဖြည့်ဆည်းရန် ကရင်နီပြည်နယ်အတွင်း တော်လှန်ရေးကာလ၊ ကြားကာလအတွက် ကြားကာလ အစီအမံ (interim  arrangement) တစ်ခု အမြန်ဆုံးရေးဆွဲပြဌာန်းရန်အတွက် လိုအပ်နေသောကြောင့် ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီအား ၂၀၂၁ခုနှစ်၊ ဧပြီလ (၉) ရက်နေ့တွင် ပြည်နယ်အတွင်းရှိ အင်အားစုများ အား အတတ်နိုင်ဆုံးစုစည်း၍ စတင်ဖွဲ့စည်းခဲ့ပြီး ပြည်သူ့လူထု လုံခြုံရေး၊ လူသားချင်း စာနာထောက်ထားမှု အကူအညီများရရှိရေးနှင့် အခြားလိုအပ်ချက်များကို ကြိုးပမ်း ဆောင်ရွက်လျှက်ရှိသည်။  


လက်ရှိတွင် ပြည်သူ့ညီလာခံမှ အတည်ပြုပြဌာန်းထားသည့် ဖယ်ဒရယ်ဒီမိုကရေစီ ပဋိဉာဉ် အစိတ်အပိုင်း -၂ တွင် ဖော်ပြပါရှိသည့် ကြားကာလ ပြည်နယ်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ကဏ္ဍများကို အကောင်အထည်ဖေါ်ဆောင်ရွက်ရန် အထူးလိုအပ်နေသည်ဖြစ်၍ ကရင်နီပြည်နယ်၏ ပြည်နယ်ကြားကာလ အစီအမံကို ရေးဆွဲပြဌာန်းလိုက်ရခြင်း ဖြစ်သည်။  

ကရင်နီပြည်၏ ကြားကာလအစီအမံ စာအုပ်

Download PDF

ကရင်နီပြည်၏ ကြားကာလအစီအမံ (ပြင်ဆင်ဖြည့်စွက်ထားသည့်)စာအုပ်

Download PDF

Interim Arrangements of Karenni State

Since the Military toppled Myanmar's government on February 1, 2021, anti-military dictatorship movements have erupted nationwide. Due to violent responses against pro-democracy movements, the people of Myanmar took up armed struggles against the military junta. In Karenni State, non-violent protests against the Military started in Dawh Ngan Kha Ward in Demoso Township on May 21, 2021. Subsequently, armed resistance led by the people followed, which continues today. 


During this critical time of revolution, the executive and judicial sectors of the state have become immobilized such that legislative, executive, and judicial governance is critically needed along with defense, security, and foundations for human security, such as education, health, food, and shelter, among others. Due to the situation, interim arrangements are urgently needed in Karenni State for the current revolutionary or interim period. On April 9, 2021, revolutionary forces in Karenni State came together to establish the Karenni State Consultative Council (KSCC), which has been providing public security, humanitarian assistance, and other necessary support. 


To implement interim state-level legislative, executive, and judicial governance as stipulated in Part II of the Federal Democratic Charter approved by the People's Assembly, these Interim Arrangements of the Karenni State have been developed and approved. 

Interim Arrangements of Karenni State

Download PDF

ကရင်နီပြည် လူငယ်ရေးရာမူဝါဒ

Download PDF

ကရင်နီပြည် ကြားကာလပညာရေးမူဝါဒ

စစ်အာဏာရှင်စနစ် အလုံးစုံပျက်သုဉ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံရေးဖြစ်ပေါ်ရေးလုပ်ငန်းစဉ် များနှင့် အနာဂတ်ဖွံ့ဖြိုးမှုရည်မှန်းချက်များအတွက် ကောင်းမွန်သောပညာရေးစနစ်တစ်ရပ် ပေါ်ပေါက်ရေးကို လွန်စွာအရေးကြီးသော ဦးစားပေးလုပ်ငန်းစဉ်တစ်ရပ်အဖြစ် ထားရှိရန်လိုအပ်သည်။ လွန်ခဲ့သောနှစ်ပေါင်းများစွာမှ တန်းတူရည်တူနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အား ကန့်သတ်မှုရှိသည့် နိုင်ငံရေးစနစ်များ နှင့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအလွန်ကာလတွင် ကရင်နီပြည်အတွင်းရှိ ပြည်သူများသည် အခြေခံရပိုင်ခွင့်များဆုံးရှုံးပြီး စာသင်ကျောင်းများကိုပစ်မှတ်ထားသော အကြမ်းဖက်စစ်ကောင်စီ၏ထိုးစစ်များအကြားတွင် နေထိုင်လာခဲ့သည်မှာ အချိန်ကာလတစ်ခုသို့ ရောက်ရှိနေပြီဖြစ်သည်။ ထိုကဲ့သို့အခြေအနေမှ ကရင်နီပြည်အတွင်းရှိ ကလေးများအားလုံးတို့သည် ကောင်းမွန်၍ စနစ်ကျသောပညာများ တတ်မြောက်စေရန်အတွက် တိကျသောမူဝါဒများရှိထားရမည် ဖြစ်သည်။ သို့မှသာလျှင် ဥပဒေများပြဋ္ဌာန်းနိုင်ရေးအတွက် လွှတ်တော်၏ဆွေးနွေးမှုအရပ်ရပ်ကို အထောက်အပံ့ပြုနိုင်သည့် အခြေခံစဉ်းစားရမည့်စံနှုန်းများနှင့် အစိုးရဝန်ကြီးဌာနများအနေဖြင့် လုပ်ငန်းစီမံချက်များ ချမှတ်အကောင်အထည်ဖော်ရာတွင် လေးစားလိုက်နာကျင့်သုံးရမည့် လမ်းညွှန်ချက်များအတိုင်း တိကျစွာနှင့် ထိရောက်စွာဆောင်ရွက်နိုင်မည်ဖြစ်သည်။  ၂၀၂၁ ခုနှစ် စစ်တပ်၏တရားမဝင်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း စစ်အာဏာရှင်နှင့် အာဏာရှင်စနစ် တစ်ရပ်လုံး အဆုံးသတ်ရေးအတွက် တော်လှန်တိုက်ပွဲဝင်ကြသူများအထဲတွင် ကရင်နီပြည်ရှိ ပညာရေးဝန်ထမ်းများ အင်အားကောင်းစွာပါဝင်လာခဲ့ကြသကဲ့သို့ တော်လှန်ရေးကာလ တစ်လျှောက်လုံးတွင်လည်း ပညာသင်ကြားမှုမပြတ်လပ်စေရန် အားကောင်းစွာဖြင့် ဆက်လက်ချီတက်လျှက်ရှိသည်မှာ အလွန်လေးစားဂုဏ်ယူစရာကောင်းသည့် ယန္တရားတခုဖြစ်သည်။ ထို့အတွက် တော်လှန်ရေးကာလ(ကြားကာလ)တွင် ကရင်နီပြည်အတွက် ကောင်းမွန်စနစ်ကျသည့် ပညာရေးမူဝါဒတစ်ရပ်ချမှတ်နိုင်ရေးအတွက် ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ သက်ဆိုင်ရာ အစုအဖွဲ့များနှင့် အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် (၂.၁၁.၂၀၂၄)ရက်နေ့ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ၏ (၃၉) ကြိမ်မြောက်ပုံမှန် အစည်းအဝေးတွင် အတည်ပြုခဲ့သည်။

ကရင်နီပြည် ကြားကာလပညာရေးမူဝါဒ

Download PDF

ကရင်နီပြည် ကြားကာလကျန်းမာရေးမူဝါဒ

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်တပ်မှအာဏာသိမ်းရန် ကြိုးပမ်းပြီးနောက်ပိုင်း ကရင်နီပြည်ရှိ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများသည် အဘက်ဘက်မှ ယိုယွင်းပျက်စီးသွားပြီး အကြမ်းဖက်စစ်ကောင်စီသည် ကိုယ်ထူကိုယ်ထ ကျန်းမာရေးဝန်ဆောင်မှုများကိုပင် ပစ်မှတ်ထား တိုက်ခိုက်ဖျက်ဆီးခြင်းများကို ပြုလုပ်လျှက်ရှိသည်။ ကြားကာလ (တော်လှန်ရေးကာလ)၊ အသွင်ကူးပြောင်းရေးကာလနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး ကာလများ အတွက် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများတွင် ကျန်းမာရေးကဏ္ဍသည် အလွန်ပင်အရေးကြီးသည်။ ကျန်းမာရေးသည် ပြည်သူများအားလုံး၏ အခြေခံရပိုင်ခွင့်ဖြစ်သည်။ ထို့အပြင် ဖက်ဒရယ်အခြေခံ ကျန်းမာရေးစနစ်ကို ပြန်လည်အသက်သွင်းအားဖြည့်၍ အားလုံးပါဝင်ပြီး ခိုင်မာအားကောင်းသော ကျန်းမာရေးစနစ်တစ်ရပ်ပေါ်ပေါက်စေရေးသည် ကြားကာလအတွက် အထူးအရေးတကြီး လိုအပ်လျက်ရှိသည်။

 ခေတ်အဆက်ဆက်တွင် ကရင်နီပြည်၌ အထူးသဖြင့်ဝေးလံခေါင်ဖျားဒေသများတွင် နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများအတွက် ကျန်းမာရေးဝန်ဆောင်မှုများရရှိရန် ခက်ခဲသည့် အတွက် တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့များနှင့် အရပ်ဘက် အဖွဲ့အစည်းများမှ နေရာအနှံ့တွင် ကျန်းမာရေးစောင့်ရှောက်မှုရရှိရန်အတွက် ကြိုးပမ်းခဲ့ကြသကဲ့သို့ ယခုလက်ရှိ တော်လှန်ရေးကာလ (ကြားကာလ) တွင်လည်း ပြည်သူများအတွက်ကျန်းမာရေး ဝန်ဆောင်မှုများ ပေးလျှက်ရှိကြသည်။ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် အားတက်သရောပါဝင်ကြသည့် ကျန်းမာရေးဝန်ထမ်းများနှင့် အခြားသောကျန်းမာရေးအင်အားစုများ မှလည်း ကရင်နီပြည်၏ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများတွင် အထူးအားတက်သရော ပူးပေါင်း ပါဝင်ဆောင်ရွက်လျှက်ရှိကြသည်။

 ကျန်းမာရေးဝန်ဆောင်မှုဟူသမျှကို အများပြည်သူလက်လှမ်းမီရေးနှင့်ပတ်သက်၍ အခြေခံ အားဖြင့် ဂျန်ဒါကွဲပြားမှုအမြင်များကို ထည့်သွင်းစဉ်းစားခြင်း (Gender Sensitivity) နှင့် လိင်စိတ် ခံယူမှုကွဲပြားသူများ (LGBTQ)၊ ကိုးကွယ်ယုံကြည်မှု၊ အသားအရောင်၊ လူမျိုး၊ အသက်အရွယ်၊ နေရာဒေသစသည့် ကွဲပြားမှုများအပေါ်အခြေမခံဘဲ ကရင်နီပြည်အတွင်းနေထိုင်ကြသည့် ပြည်သူများအားလုံးသည် ကျန်းမာရေးစောင့်ရှောက်မှုများကို သာတူညီမျှ ရရှိခံစားနိုင်ရေးသည် အရေးကြီးသည်။

 ကရင်နီပြည်၏ကျန်းမာရေးမူဝါဒသည် ဖက်ဒရယ်စနစ်ကိုအခြေပြုသော ကျန်းမာရေးမူဝါဒ ဖြစ်သည့်အလျှောက် ကရင်နီပြည်အတွင်းရှိ အစုအဖွဲ့များအားလုံး အတူတကွ ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှုများကို ပူးပေါင်းညှိနှိုင်းဖော်ဆောင်ရမည်ဖြစ်သည်။ ထို့ပြင် လူတိုင်းလက်လှမ်းမီနိုင်သည့် ကျန်းမာရေးလွှမ်းခြုံမှု (UHC) ပန်းတိုင်သို့လျှောက်လှမ်းရာတွင် ဖက်ဒရယ်ဒီမိုကရေစီ၏ အခြေခံ ဖြစ်သော ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရနှင့် ဒေသန္တရအစိုးရများအကြား လုပ်ပိုင်ခွင့်အာဏာ နှင့်တာဝန်များကို နိုင်ငံရေးအရသဘောတူညီထားသည့် ကြားကာလအဖွဲ့အစည်းဆိုင်ရာအစီအမံများ (Institutional Arrangement) အပေါ်အခြေခံ၍ လုပ်ဆောင်ရမည်ဖြစ်ပါသည်။

 ဤကရင်နီပြည်ကြားကာလကျန်းမာရေးမူဝါဒသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ (Sustainable Development Goals) တွင်ပါဝင်သော ကျန်းမာရေးဆိုင်ရာပန်းတိုင်များအနက် ကရင်နီပြည်အတွင်းရှိ ပြည်သူတိုင်းလက်လှမ်းမီနိုင်သည့် ကျန်းမာရေးလွှမ်းခြုံမှုရရှိစေရေး ရည်မှန်းချက်ပန်းတိုင်နှင့်အညီ ကရင်နီပြည်အတွင်းရှိ ပြည်သူများအားလုံးက သာတူညီမျှမှုရှိသော၊ ခွဲခြားမှုကင်းမဲ့သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ပြည်သူများပါဝင်သောကျန်းမာရေး စောင့်ရှောက်မှုစနစ်ဖြင့် လက်လှမ်းမီရရှိစေရန်နှင့် ကောင်းမွန်သောကျန်းမာရေးစောင့်ရှောက်မှုကို လူတိုင်းပိုင်ဆိုင်နိုင်ရန် မျှော်ရည်ပါသည်။

ကရင်နီပြည် ကြားကာလကျန်းမာရေးမူဝါဒ

Download PDF

ကရင်နီပြည် ကြားကာလဘဏ္ဍာရေးဆိုင်ရာမူဝါဒ

၁။  ဤ ကရင်နီပြည်ကြားကာလဘဏ္ဍာရေးဆိုင်ရာမူဝါဒကို ကြားကာလအတွင်း ကရင်နီပြည်၏ ဘဏ္ဍာရေးဆိုင်ရာလမ်းညွှန်မူဝါဒအဖြစ်အသုံးပြု၍ ဘဏ္ဍာရေးဆိုင်ရာရငွေ ရှာဖွေခြင်း၊ သုံးစွဲခြင်းနှင့် လွှဲပြောင်းခြင်းများကို လုပ်ဆောင်ရမည်။ ကြားကာလအတွင်း ကရင်နီပြည်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အပြင် ပြည်သူလူထု၏ ကဏ္ဍအသီးသီးမှ လိုအပ်မှုများကို ဖြည့်ဆည်းဖော်ဆောင်ပေးနိုင်ရန်အတွက် ဘဏ္ဍာငွေ ရှာဖွေရေး၊ စုဆောင်းရေးနှင့် ငွေကြေးသုံးစွဲမှုအခြေအနေအား ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုနှင့် တာဝန်ခံမှုရှိရှိဖြင့် စနစ်တကျ ဖြန့်ဝေသုံးစွဲနိုင်ရန်အတွက် ဤ ဘဏ္ဍာရေးဆိုင်ရာမူဝါဒအတိုင်း လုပ်ထုံးလုပ်နည်းများကို ရေးဆွဲပြဋ္ဌာန်း၍ ကျင့်သုံးရမည်။ 

၂။  ၂၀၂၃ခုနှစ်၊ ဇွန်လ (၂)​ ရက်နေ့တွင် ကရင်နီပြည်အတိုင်ပင်ခံကောင်စီမှ အတည်ပြု ပြဋ္ဌာန်းခဲ့သည့်ဘဏ္ဍာရေးဆိုင်ရာစီမံခန့်ခွဲမှုမူဝါဒကို ကရင်နီပြည်၏ ကြားကာလ အစီအမံ အပိုဒ် ၈၀ အရ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ၏ ဘဏ္ဍာရေးမှူး ပါဝင်သည့် မူဝါဒ (မူကြမ်း) ရေးဆွဲရေးအဖွဲ့က သုံးသပ်ပြင်ဆင်ရေးဆွဲပြီး ဤ ဘဏ္ဍာရေးဆိုင်ရာမူဝါဒကို ဒုတိယအကြိမ်ပြန်လည်သုံးသပ်ပြင်ဆင်၍ ကရင်နီပြည် အတိုင်ပင်ခံကောင်စီမှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၁၅) ​ရက်နေ့၊ (၆) ကြိမ်မြောက်ပုံမှန် အစည်းအဝေးတွင်ပြန်လည်အတည်ပြုခဲ့သည်။

ကရင်နီပြည် ကြားကာလဘဏ္ဍာရေးဆိုင်ရာမူဝါဒ

Download PDF

ကရင်နီပြည် ကြားကာလမြေယာမူဝါဒ

Download PDF

ကရင်နီပြည် ကြားကာလ လူသားချင်းစာနာထောက်ထားမှု မူဝါဒ

ကရင်နီပြည်အတွင်း လူလုပ်ကပ်ဘေးများနှင့် သဘာဝကပ်ဘေးအမျိုးမျိုး စီမံခန့်ခွဲ တုံ့ပြန်ရာတွင် ကြိုတင်ကာကွယ်နိုင်ရန်၊ ဆိုးကျိုးများလျှော့ချနိုင်ရန်၊ ထိခိုက်ခံစားရသော လူထုများမှ လူသားချင်းစာနာထောက်ထားမှုအကူအညီကိုမျှမျှတတရရှိရန်၊ လူ့ဂုဏ်သိက္ခာနှင့်အညီ ဘဝပြန်လည်ထူထောင်နိုင်ရေး စီမံဆောင်ရွက်နိုင်ရန်နှင့် အကူအညီပေးနေသည့် အဖွဲ့အစည်းများမှ ပိုမိုထိရောက်သော ဝန်ဆောင်မှုများ ပေးနိုင်ရန်ရည်ရွယ်ပြီး လက်ရှိကရင်နီပြည်၏ နိုင်ငံရေး၊ စစ်ရေး အခြေအနေများ၊ လူထု၏လိုအပ်ချက်များအပေါ် ထင်ဟပ်စေမည့် အကြောင်းအရာများနှင့် ကုလသမဂ္ဂ၏နေရပ်စွန့်ခွာမူ ဆိုင်ရာညွှန်းတမ်း (UNGPID) မှ ချမှတ်ထားသည့် စံနှုန်းများအပေါ် အခြေခံ၍ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ လူမှုအသင်းအဖွဲ့များ၊ လူငယ်နှင့်အမျိုးသမီး အဖွဲ့အစည်းများမှ အကြိမ်ပေါင်း (၇) ကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးတိုင်ပင်ပြီး မူဝါဒမူကြမ်းကို ရေးဆွဲခဲ့ကြသည်။

ထို့နောက် ကရင်နီပြည်အတိုင်ပင်ခံကောင်စီ၊ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ၊ ပြည်နယ်အတွင်းရှိ အရပ်ဘက်အဖွဲ့အစည်းအသီးသီးနှင့်အတူ ကျွမ်းကျင်ပညာရှင်များ၏ အကြံဉာဏ် များကိုရယူပြီး မူဝါဒမူကြမ်းကို အချောသပ်နိုင်ရန်အတွက် ပြင်ဆင်ဖြည့်စွက်ရေးဆွဲခဲ့သည်။ အချောသပ်ပြီးစီးသည့် မူဝါဒမူကြမ်းကို ပြည်နယ်အတွင်းရှိ သက်ဆိုင်ရာအရပ်ဘက်အဖွဲ့ အစည်းများ၊ လူငယ်နှင့်အမျိုးသမီးအစုအဖွဲ့များ၊ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များနှင့် လူထုများနှင့်အတူ  (၃) ကြိမ် ဆွေးနွေးတိုင်ပင်ပြီး အကြံပြုချက်များရယူခဲ့သည်။ ထို့နောက် မူဝါဒမူကြမ်းရေးဆွဲရေးကော်မတီမှ ၂၀၂၅ ခုနှစ်၊ မေလ (၃၁) ရက်နေ့တွင် ကရင်နီပြည် အတိုင်ပင်ခံကောင်စီသို့တင်သွင်းပြီး၊ ကရင်နီပြည် အတိုင်ပင်ခံကောင်စီမှ (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် အတည်ပြုပြဋ္ဌာန်းခဲ့သည်။ 

ကရင်နီပြည် ကြားကာလ လူသားချင်းစာနာထောက်ထားမှု မူဝါဒ

Download PDF

ကရင်နီပြည် ဂျဲန်ဒါမူဝါဒမူဘောင်

ကရင်နီလူ့အဖွဲ့အစည်းအတွင်း မတူညီသော ဓလေ့ထုံးတမ်းနှင့် ယဉ်ကျေးမှုများ ရှိနေခြင်းသည် ကျွန်ုပ်တို့လူ့အဖွဲ့အစည်း၏ ပကတိအနေအထားတစ်ခု ဖြစ်သည်။ ထိုဓလေ့ထုံးတမ်းနှင့် ယဉ်ကျေးမှုများသည် အရပ်၊ဒေသအလိုက် ပြောဆိုသောဘာသာစကားနှင့် ကိုးကွယ်ယုံကြည်မှုများအလိုက် တူညီမှုများရှိနေသကဲ့သို့ ကွဲပြားမှုများလည်းရှိသည်။ ထို့အတူ ဓလေ့ထုံးတမ်းနှင့်ယဉ်ကျေးမှုများ၏ ကွဲပြားခြားနားမှုများသည် လိင်ကွဲပြားမှုအပေါ်တွင်လည်း မတူညီသောသက်ရောက်မှုများရှိနေသည်မှာ အမှန်ပင် ဖြစ်သည်။  ဂျဲန်ဒါရေးရာဟုဆိုရာတွင် ကျွန်ုပ်တို့အနေဖြင့် ‘အမျိုးသမီးများကိစ္စ’ ဟု အလွယ်မတွေးရန် အရေးကြီး သည်။ မည်သည့်လူ့အဖွဲ့အစည်းအတွင်းတွင်မဆို ရှိနေသော မတူညီသည့်လိင်များ၏ သဘာဝအနေအထားကို အသိအမှတ်ပြုပြီး လူ့အဖွဲ့အစည်း၏လိုအပ်ချက်များကို ထိရောက်စွာ ဖြည့်ဆည်းဆောင်ရွက်နိုင်မည့်ယန္တရားများ၊ မဟာဗျူဟာနှင့် နည်းလမ်းများချမှတ်နိုင်ရေးကသာ၍ အရေးကြီးသည်။ထိရောက်ကောင်းမွန်သည့် မူဝါဒများရေးဆွဲချမှတ်နိုင်ရန်မှာ မိသားစုများ၊ လူ့မှုအသိုင်းအဝန်းများနှင့် ပြည်နယ် တစ်ခုလုံးအတွက် အကျိုးရလဒ်များစွာကို ဆက်တိုက်ဖန်တီးပေးနိုင်သော သက်ရောက်မှုမျိုးရှိမည့် မဟာဗျူဟာနှင့် ချဉ်းကပ်မှုနည်းလမ်းများပါဝင်သည့် မူဝါဒမူဘောင်တစ်ခုရှိရန်လိုအပ်သည်။

ပဋိပက္ခ၏သဘောသဘာဝနှင့်ဖြစ်ပေါ်လာပုံ၊ ပဋိပက္ခအတွင်း အမျိုးသမီး၊အမျိုးသားများ၏အခန်းကဏ္ဍ စသည်တို့ကို နားလည်သုံးသပ်ပြီး ပဋိပက္ခဖြေရှင်းရန် နည်းလမ်းရှာရာတွင်လည်း ၎င်းတို့၏ သက်ဆိုင်ရာအခန်းကဏ္ဍအသီးသီးအတွက် ထည့်သွင်းစဉ်းစားခြင်း၊ ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်တွင် အမျိုးသမီး၊အမျိုးသားများ၏တန်းတူပါဝင်မှုကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအားဖြင့် ဂျန်ဒါတန်းတူရေးနှင့်အတူ ပဋိပက္ခဖြေရှင်းရေးနှင့်ငြိမ်းချမ်းရေးတည်ဆောက်ခြင်း စသည်တို့ကို ထိရောက်စွာဆောင်ရွက်နိုင်မည်ဖြစ်သည်။  

ထို့ကြောင့် တန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုအခြေခံသော ကရင်နီတစ်မျိုးသားလုံးအရေး၊ ကရင်နီပြည်တည်တံ့ခိုင်မြဲရေး၊ ကရင်နီလူ့အဖွဲ့အစည်းသာယာဝပြောရေးနှင့်ငြိမ်းချမ်ရေး စသည်တို့အတွက် ဦးဆောင်အဖွဲ့အစည်းဖြစ်သည့် ကရင်နီပြည်အတိုင်ပင်ခံကောင်စီအနေဖြင့် ကောင်းမွန်ခိုင်မာသော ဂျဲန်ဒါမူဝါဒ မူဘောင်ကိုရေးဆွဲချမှတ်ပြီး တန်းတူညီမျှဖြစ်သော ကရင်နီလူ့အဖွဲ့အစည်းတည်ဆောက်နိုင်ရေးကို ဦးဆောင် သွားရန် လိုအပ်သည်။ 


ကရင်နီပြည် ဂျဲန်ဒါမူဝါဒမူဘောင်

Download PDF

Downloads

Karenni-Interim-Arrangement-GayBar (pdf)

Download

Karenni-Interim-Arrangement-kayah (pdf)

Download

Karenni-Interim-Arrangement-kayan (pdf)

Download

Karenni-Interim-Arrangement-kayaw (pdf)

Download

၄ နှစ်ပြည့်အနှစ်ချုပ် (pdf)

Download

Copyright © 2025 kscc.karennistate.com - All Rights Reserved.

Powered by

This website uses cookies.

We use cookies to analyze website traffic and optimize your website experience. By accepting our use of cookies, your data will be aggregated with all other user data.

Accept